အတန်းပညာမတတ်တဲ့ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးသူဌေးကြီး

စပိန်နိုင်ငံ (Spain ) နိုင်ငံ လီယွန်ပြည်နယ် (Leon) ဘတ်စ်ဒွန်ရွာ (Busdongo) မှ ၁၉၃၆ခုနှစ် မတ်လ ၂၈မှာမွေးတဲ့ သူငယ်လေးတစ်ယောက်။ မီးရထားဝန်ထမ်းဖြစ်တဲ့သူ့ဖခင်က သားသမီး ၄ယောက်ကို ကျွေးမွေးခဲ့ရတယ်။ မိသားစုမှာ အငယ်ဆုံးဖြစ်ပေမယ့်လည်း စီးပွားရေးမပြေလည်မှုတွေကြောင့် ၁၄နှစ်မှာတင် ကျောင်းထွက်လိုက်ရတယ်။ ဖခင်တာဝန်ကျရာ အကော်ရူနာ (A Coruna) မြို့မှာ လိုက်နေရင်း Gala အထည်ချုပ်ဆိုင်မှာ အပို့သမားလေးအဖြစ်နဲ့ အလုပ်လုပ်ခဲ့ရတယ်။ မီးရထားတန်းလျားက နုံချာလှတဲ့ ဝန်ထမ်းအိမ်ယာမှာနေထိုင်ရင်း ဘဝကို ခက်ခက်ခဲခဲရပ်တည်ခဲ့ရပါတယ်။
ငယ်ဘဝမှာ ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ခဲ့ရလဲ
အထည်ချုပ်လုပ်ငန်းကို လုပ်ကိုင်ရင်း အဝတ်အထည်ဘယ်လိုချုပ်ရတယ်ဆိုတာ လေ့လာခဲ့ပါတယ်။ ကော်ရူနာမြို့ထဲမှာ အထည်ချုပ်တတ်ပေမယ့်လည်း အလုပ်မရှိဖြစ်နေတဲ့ အမျိုးသမီးတွေကို တွေ့ပြီး သူ အကြံတစ်ခုရသွားတယ်။ အဲဒီအကြံကပဲ သူဌေးကြီးဘဝကို ရောက်စေခဲ့တာလား မပြောတတ်၊ အထည်ချုပ်ဆိုင်လေးကိုတော့ ၁၉၅ဝမှာ ဖွင့်ထားလိုက်ပါတယ်။ အထည်ချုပ်လုပ်ငန်းမှာ ကျွမ်းကျင်နေတဲ့ သူဟာ ၁၉၆၃ခုနှစ်မှာ Confecciones GOA ဆိုတဲ့ ဖက်ရှင်အဝတ်အစားကုမ္ပဏီကို စတင်တည်ထောင်လိုက်ပါတယ်။ သူအသက်၎ဝလောက်ရောက်လာတော့ ကမ္ဘာကျော်အမှတ်တံဆိပ်ဖြစ်လာတဲ့ Zara ကို ၁၉၇၄ခုနှစ်မှာ တည်ထောင်လိုက်တယ်။
You May Like : Bloomberg က ညွှန်းတဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀ ယောက်
ဘယ်လိုကြိုးစားခဲ့တာလဲ
အဝတ်အထည်ဈေးကွက်မှာ ထုံးလိုမွှေ ရေလိုသောက်လာတဲ့သူဟာ Zara ကို ပေါ်တူဂီဈေးကွက်၊ နောက်ဆယ်နှစ်လောက်ကြာတဲ့အချိန်မှာ ဖက်ရှင်လောကကို မင်းမူနေတဲ့ အင်္ဂလန်၊ ပြင်သစ်ဈေးကွက်ထဲကို ထိုးဖောက်ဝင်ရောက်လာခဲ့ပါတယ်။ ၁၉၈၅မှာ Inditexကုမ္ပဏီစုကြီးကိုတည်ထောင်ပြီး Zara နဲ့အတူ Pull and Bear ၊ Massimo Dutti ၊ Bershka ၊ Stradivarius ၊Oysho ၊ Uterqüe နဲ့ Zara Homeတို့လိုဖက်ရှင်ကုမ္ပဏီတွေကို Inditex ထဲကို ထည့်သွင်းလိုက်ပါတယ်။ ဒီလိုနဲ့ စီးပွားရေးအခြေအနေက ဒီရေအလား တိုးတက်လာလိုက်တာ ၂ဝ၁ဝမှာ ကမ္ဘာ့နဝမမြောက်အချမ်းသာဆုံး ဖြစ်လာပြီးတော့ အခု ၂ဝ၁၇မတ်လမှာတော့ ပိုင်ဆိုင်မှုအမေရိကန်ဒေါ်လာ ၇၂.၆ဘီလီယံ (၇၂၆ဝဝသန်း) နဲ့ ကမ္ဘာ့စတုတ္ထအချမ်းသာဆုံးသူဌေးကြီးဖြစ်လာပါပြီ။ အထက်တန်းပညာတောင် မသင်ဖူးဘဲနဲ့ ကမ္ဘာ့ကျော်သူဌေးကြီးဖြစ်လာတဲ့သူကတော့ အမန်စီယို အိုတီဂါ (Amancio Ortega) ပဲဖြစ်ပါတယ်။

ကမ္ဘာကျော်သူဌေးတစ်ယောက်ရဲ့ လူနေမှုစရိုက်
အမန်စီယို အိုတီဂါဟာ ကမ္ဘာကျော်သူဌေးကြီးဖြစ်ပေမယ့်လည်း အနေအထိုင်အေးဆေးတဲ့လူတစ်ယောက်ဖြစ်ပါတယ်။ အဝတ်အစားဝတ်ဆင်ပုံကလည်း အပြာရောင်ကုတ်၊ ရှပ်အဖြူရောင်နဲ့ မီးခိုးရောင်ဘောင်းဘီကိုသာ ခြိုးခြံချွေတာစွာ ဝတ်ဆင်ခဲ့ရပါတယ်။ အဝတ်အစားကိုကြည့်လိုက်ရင်တော့ အမန်စီယို အိုတီဂါကို သူဌေးတစ်ယောက်ဆိုတာ ဘယ်သူမှအကဲခတ်မိမှာ မဟုတ်ပါဘူး။ မီဒီယာတွေနဲ့ အဆက်အသွယ်မလုပ်တဲ့အတွက် ၁၉၉၉ခုနှစ်အထိ သူ့ရဲ့ဓာတ်ပုံကိုတောင် Google မှာရှာလို့မရသေးဘူး။ ၂ဝဝဝခုနှစ်ရောက်မှ သူ့ရဲ့ Zara တံဆိပ်ကို စကော့ဈေးကွက် (Stock Market) ဝင်တော့မှာမို့ CEO Branding အနေနဲ့ ဂျာနယ်လစ်သုံးယောက်ကို အင်တာဗျူးလက်ခံခဲ့လို့သာ သူ့ဘဝဇာတ်ကြောင်းကို အခုလို ရေးသားနိုင်တာဖြစ်ပါတယ်။
ဘာတွေအတုယူလို့ရမလဲ
ကျွန်တော်တို့တွေလည်း ကမ္ဘာကျော်သူဌေးကြီး အမန်စီယို အိုတီဂါဆီကနေ ပညာတတ်တစ်ယောက်မဖြစ်လည်း အောင်မြင်နိုင်ဖို့ရယ် ၊ အခက်အခဲတွေ ကြုံလာရင် ဘုရင့်နောင် ဖောင်ဖျက်တိုက်ပွဲဝင်တတ်ဖို့နဲ့ ဘဝကိုရိုးရှင်းစွာ ဖြတ်သန်းနိုင်ဖို့တွေကို အတုယူနိုင်ပါတယ်။ ကဲ . . ဆယ်တန်းမအောင်လည်း ဝမ်းနည်းစရာမဟုတ်ပါဘူးနော်။
Comments
Post a Comment