စာဖတ်သော လူညံ့များ
စာပေအရာမြောက်သည့် စာအုပ်အမျိုးအစားပေါင်းများစွာရှိသော်လည်း အဓိကအုပ်စုကြီးအဖြစ် ခွဲခြားလိုက်လျှင် အုပ်စုကြီးနှစ်စု၊ စာအုပ်အမျိုးအစားနှစ်မျိုးသာ ရှိပါသည်။
သုတစာပေ၊ ရသစာပေနှင့် အတွေးအခေါ်စာပေဟူ၍ဖြစ်လေသည်။ စာပေပညာရှင်အများစုကမူ သုတစာပေကို အချိန်ပိုင်းမျှသာခံနိုင်စွမ်းရှိပြီး ရသ သို့မဟုတ် အတွေးအခေါ်စာပေမှာ ခေတ်အဆက်ဆက်တာရှည်ခံနိုင်စွမ်းရှိပြီး လေးနက်သော သို့မဟုတ် တပ်မက်သော လူနည်းစုအတွက် မရှိမဖြစ်သော၊ အကြိမ်ကြိမ်အခါခါ ပြန်လည်ရိုက်နှိပ်ရသော၊ ခေတ်အဆက်ဆက်လက်ဆင့်ကမ်းသယ်သွားမည့် အဖိုးအနဂ္ဃထိုက်တန်သော ရတနာပစ္စည်းများဟု ခေါ်ဆိုကြလေသည်။
သုတ သို့မဟုတ် အသိပေးစာပေဆိုသည်မှာ မိမိသိလိုသောအကြောင်းအရာကို ရှာဖွေကြည့်ရှုပြီး မိမိသိရှိပြီးနောက်တွင် ထိုစာပေ၏စွမ်းဆောင်နိုင်မှုမှာ ပြီးဆုံးသွားပြီဖြစ်သည်။ ဆက်လက်ပြီး စဉ်းစားတွေးခေါ်ရန် ဦးနှောက်ကိုအလုပ်ပေးရန် မလိုအပ်တော့ပေ။ သိလို၍ဖတ်သည်။ ဖတ်၍သိရှိပြီးနောက်တွင် ထိုအကြောင်းအရာနှင့်ပတ်သက်၍ ပြီးပြည့်စုံသွားသည့် သဘော။ သိမှုကုန်ဆုံးသွားပြီဆိုသည့်သဘောဖြစ်သည်။
ရသစာပေ သို့မဟုတ် အတွေးအခေါ်စာပေကား ဤသို့မဟုတ်။ သိမှုထက် ခံစားမှုကိုနှိုးဆွသည်။ သိလိုခြင်းထက် ခံစားခြင်း၊ စာအုပ်အပေါ် ကျေနပ်နှစ်သက်ခြင်းက ပိုသည်။ စာဖတ်ပြီးနောက်မှ စဉ်းစားတွေးခေါ်ခြင်းအလုပ်ကို စတင်သည်။ စဉ်းစားလေလေ စဉ်းစားချင်စရာကောင်းလေလေ စာပေအမျိုးအစားဖြစ်သည်။ ခံစားခြင်း၊ ဦးနှောက်ကို ဆွခြင်းအလုပ်ကို စွမ်းဆောင်နိုင်စေသော အမျိုးအစားဖြစ်သည်။
ထိုအခါ စာဖတ်သူအပိုင်းက မည်သို့ဖတ်ကြသနည်း။
စာဖတ်သူနှစ်မျိုး
အမှန်တကယ်ခွဲခြမ်းစိတ်ဖြာလျှင် စာဖတ်သူအမျိုးအစား အများအပြားရှိနိုင်ပါသည်။ မျိုးတူရာစုပေါင်းကြည့်လျှင်တော့ အဓိကအုပ်စုနှစ်ခုဖြစ်နိုင်ပါသည်။
ပထမတစ်မျိုးမှာ လေးနက်သော၊ တပ်မက်သော၊ စာအုပ်ကိုမဖတ်ရမနေနိုင်သော အဆင့်မြင့်စာဖတ်သမားအုပ်စုဖြစ်သည်။ စာကိုဖတ်ပြီး စဉ်းစားဆင်ခြင်လေ့ရှိသော၊ စာရေးသူ၏ စကားလုံးတိုင်းကို တိတိကျကျနားလည်သဘောပေါက်စေရန် ကြိုးပမ်းအားထုတ်သည့် အလေ့အထလည်း စွဲမြဲသော စာဖတ်သမားမျိုးဖြစ်သည်။ အများအားဖြင့်တော့ ထိုအမျိုးအစားကို စာကြမ်းပိုး(Bookish)ဟု ခေါ်လေ့ရှိကြသည်။ စာဖတ်ကျင့်ကို အခိုင်အမာထူထောင်ထားရှိနိုင်ပြီးသူများ ဖြစ်ကြသည်။ ထို့ပြင် စာအုပ်ကို ရွေးချယ်ဖတ်တတ်သူများဖြစ်သည်။
စာပေအရာမြောက်သောစာအုပ်ဆိုသည်မှာ သမိုင်း၏ထာဝရရှင်သန်စီးဆင်းနေသည့် အမတအဖြစ် ရှုမြင်ယုံကြည်မှုရှိပြီး စာအုပ်ကပေးသော ပျော်ရွှင်ကြည်နူးမှုကို အပြည့်အဝခံစားနိုင်စွမ်းရှိသူမျိုးဖြစ်သည်။ စာအုပ်ကို စနစ်တကျ လေးလေးနက်နက်ဖတ်ရှုပြီး ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသူ၊ စဉ်းစားတွေးခေါ်တတ်သူမျိုး ဖြစ်သည်။ စာဖတ်သော လူတော်အမျိုးအစားထဲပါဝင်သူများ ဖြစ်ကြသည်။
နောက်တစ်မျိုးမှာတော့ စာတော့ဖတ်ကြသည်။ သူ့စိတ်အခံကိုက စာကိုလေးစားလေးနက်စွာ ဖတ်သောအကျင့် မရှိသူများဖြစ်ကြသည်။ တခြားသူများ အထင်အမြင်ကြီးမှုရရှိစေရန်၊ ထင်ပေါ်မှု၊ ဗဟုသုတကြွယ်ဝသူအဖြစ် အသိအမှတ်ပြုခံရမှုကို ငမ်းငမ်းတက်လိုချင်တပ်မက်သူများ ဖြစ်ကြသည်။ သူတို့ကိုတော့ စာဘဝင် (Snobbig)သမားများဟု ကင်ပွန်းတပ်လေ့ရှိသည်။ သူတို့အတ္တအတွက်၊ မာနအတွက်၊ ထင်ပေါ်လိုမှုအတွက် စာအုပ်များသည် ကြားခံပစ္စည်းတစ်ခုသဖွယ် အသုံးပြုကြသူများဖြစ်သည်။
အကန်းနှင့်အမြုံဟူ၍ နှစ်မျိုးခွဲခြားပြီး ပြောတတ်ကြသည်။ စာမဖတ်ခြင်းကို အကန်းဟုဆိုပြီး ဖတ်ပြီးသော စာပေ၊ ဗဟုသုတ၊ တွေးခေါ်မြော်မြင်မှုကို ပြန်လည်မျှဝေ အသုံးမပြုနိုင်ခြင်းကို အမြုံဟုဆိုကြသည်။ အကန်းသည် မကောင်းသလို အမြုံသည်လည်း ကြိုဆိုသင့်သည့် လူမျိုးမဟုတ်ပေ။
စာဖတ်သော လူညံ့များ
ထူးချွန်ထက်မြက်သူတိုင်း တစ်နည်းပြောရလျှင် တော်သူတိုင်း စာဖတ်ကြသည်တော့မှန်သည်။ စာဖတ်တိုင်း မတော်သည်ကိုလည်း သတိပြုစေချင်ပါသည်။
စာဖတ်ပြီး စာမကျေသူတိုင်း၊ စာဖတ်ပြီး ငါတော်လှချည့်၊ တတ်လှချည့်ဟု ထင်တစ်လုံးရှိနေသူတိုင်းသည် မတော်ရုံမက လူ့အော့ကြောလန်များ၊ နေရာဌာနမသိ၊ ဟောင်ဖွာဟောင်ဖွာပြောကျင့်ရှိသည့် လူပေါကြီးများအဖြစ် ပတ်ဝန်းကျင်က သတ်မှတ်ကြလေ့ရှိပါသည်။
တွေ့ကရာစာကို ရွေးချယ်ခြင်းမရှိဘဲ နွားငတ်ရေကျဖတ်ပြီး စဉ်းစားဆင်ခြင်ခြင်းမရှိလျှင် ဗဟုသုတများသည့် လူညံ့တစ်ယောက်ဖြစ်စေနိုင်သည်။ စာအုပ်များမှပေးစွမ်းသော တွေးခေါ်မြော်မြင်မှု၊ ဆင်ခြင်တုံတရားရှိမှု၊ မှန်ကန်မှု၊ တရားမျှတမှုကို ကောင်းမွန်မှန်ကန်စွာ လက်ခံရယူနိုင်ခြင်းမရှိတော့သဖြင့် ဘယ်ရည်ရွယ်ရာပန်းတိုင်ကိုမှလည်း မရောက်၊ ဘယ်သူ့ကိုမှလည်း အကျိုးမပြုတော့သည့်ြ လူ့ဘူးတောင်းများအဖြစ် ကမ္ပည်းတင်ခံရမည်သာဖြစ်လေသည်။
စာဖတ်သော လူညံ့များသည် စာမဖတ်သော လူညံ့များထက် ပို၍ပို၍မိုက်ကန်းတတ်ပါသည်။ သူ့မှာ ငါစာဖတ်သည်ဟူသော စာဘဝင်ကလည်း မီးလောင်ရာ လေပင့်သကဲ့သို့ တညီးညီးတောက်လောင်နေတတ်မြဲဖြစ်သည်။
*** ၂ဝ၁၄ခုနှစ် နိုဝင်ဘာလထုတ် ရွှေအမြူတေမဂ္ဂဇင်း စာမျက်နှာ၁၃၃တွင်ပါရှိသော စာရေးဆရာမောင်ခိုင်လတ်ရေးသားသည့် “စာဖတ်သော လူညံ့များ” ဆောင်းပါးမှ စာပိုဒ်တချို့ကို ကူးယူမျှဝေပါသည်။***
မှုရင်းရေးသူအား credit
ကျေးဇူးတင်ပါသည်။
BY လီယိုနာဒို

Hard Rock Hotel and Casino Toledo - Mapyro
ReplyDeleteFind out what's popular at 김천 출장샵 Hard Rock Hotel and Casino 계룡 출장샵 Toledo in 하남 출장샵 Toledo, including restaurant menus, reviews, 경산 출장안마 videos, 광주 출장안마 photos, geolocation,